Myanmar NEWS

ဒေါ်အောင်ဆန်းစုကြည် ကို သတင်းထောက် မိသားစု မေတ္တာရပ်ခံ

နိင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရတဲ့ ရိုက်တား သတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

ဒီ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က သတင်းတင်ပြတဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဂျပန် NHK ရုပ်မြင်သံကြားနဲ့ ဇွန်လကလုပ်တဲ့ မေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဒါကို ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က ကျမတို့ ဘဝတလျှောက်လုံး အမှန်တကယ်မြတ်နိုးခဲ့တဲ့ ပုဂ္ဂိုလ်က ကျမတို့ကို ခုလို နားလည်မှုလွဲတာ အမှန်တကယ် ဝမ်းနည်းရတယ်လို့ မနေ့က ပြောပါတယ်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းက ရှန်ဂရီလာဟိုတယ်မှာ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတွေနဲ့ မိသားစုဝင်တွေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာပါ။ အဲဒီ မေးမြန်းခန်းကိုကြည့်ရင်း အမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်း မသိဘူးဆိုတာ သဘောပေါက်တယ်လို့ပြောပါတယ်။

အိမ်ထောင်ဦးစီးတွေက ထောင်ထဲမှာ ရောက်နေတဲ့အတွက် မိန်းမသားတွေ အဆင်မပြေပေမဲ့ အားတင်းထားတယ်လို့လည်း ပြောပါတယ်။ ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုကတော့ ဖခင် ထောင်ကျ သွားတဲ့အတွက် သမီးလေး စိတ်ဒဏ်ရာရမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန ၇ ခုကို အသနားခံစာတွေ အရင်က တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အရင်က ရိုက်တာ သတင်းထောက်ဖြစ်ခဲ့ပြီး ခု ပြန်ကြားရေး ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်လှထွန်းကတော့ တရားစီရင်ရေးစနစ်ကို ဝေဖန်တယ်ဆိုတာ တရားရုံးကို မထီမဲ့မြင်လုပ်တဲ့ သဘောသက်ရောက်တယ်လို့ ပြောပါတယ်။ သတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေအရ မှတ်ချက်တစ်စုံတရာ ပေးစရာမရှိပါဘူးလို့ ကော်မရှင်က သတင်းထုတ်ပြန်တာကို ဒီနေ့ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာကို သိရတဲ့အကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံက စဉ်းစားပေးဖို့အပြင် အယူခံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်အပါအ၀င် သတင်းထောက်နှစ်ယောက်ရဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: Kyaw Zaw Win/RFA

( သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းသမားနှစ်ဦးရဲ့ ဇနီးတွေကို ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့ကတွေ့ရစဉ် )

Source by : https://www.facebook.com/rfaburmese/photos/a.10150522560153128/10158072324083128/?type=3

Leave a Reply

Your email address will not be published. Required fields are marked *