ARTICLES

ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း 1-10

ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၁
ခေါင်းမာသူ
၁၉၇၀ ပြည့်နှစ် ဗီယက်နမ် စစ်မြေပြင်တနေရာ __
ခြေလျင်တပ်ခွဲ တခုကို ဦးဆောင်တဲ့ အမေရိကန်စစ်ဗိုလ် တယောက်ဟာ ဗီယက်ကောင်းတွေလက်ချက်နဲ့ သွေးသံရဲရဲဖြစ်နေပါတယ် ။
သူ့ကိုယ်မှာတော့ ဗီယက်ကောင်းတွေပစ်ထဲ့လိုက်တဲ့ အေကေ – ၄၇ ကျည်ဆံ ၄ ခုက ဖောက်ဝင်နေတာပါ ။
ဒါပေမဲ့ စစ်ဗိုလ်ဟာ နောက်ဆုတ်ဖို့မစဉ်းစားပဲ သူ့တပ်ခွဲနဲ့ ရှေ့တက်ပီး ရန်သူကို ချေမှုန်းဖို့သာ အမိန့်ဆက်ပေးပါတယ် ။
သူ့ရဲ့မိုက်မိုက်ကန်းကန်း အမိန့်နဲ့ တပ်ခွဲဟာရှေ့တိုးပီး ရန်သူကို တန်ပြန်တိုက်စစ်ဆင် ချေမှုန်းပီးချိန်မှ အဲ့ဒီစစ်ဗိုလ်ဟာ စစ်မြေပြင်ရှေ့တန်းဆေးရုံကို တက်သွားပါတယ် ။
ညာဘက် ပုခုံး လက် တင်ပါး နဲ့ ခြေထောက် ၄ နေရာမှာ ဒဏ်ရာရထားပေမဲ့ chain of command ကို မပျက်စေပဲ ဆက်လက်တိုက်ပွဲဝင်ပီးရန်သူကို ချေမှုန်းနိုင်တဲ့ အဲ့ဒီစစ်ဗိုလ်ဟာ ငွေကြယ်တံဆိပ် ချီးမြှင့်ခံရပါတယ် ။
အဲ့ဒီ စစ်ဗိုလ်နာမည်ကတော့ ” ဝက်စ်လေ ကလခ် ” ပါ ။
ရာထူးအဆင့်ဆင့် တိုးလို့ ကြယ်လေးပွင့်ရ ဗိုလ်ချုပ်ဖြစ်တဲ့အချိန်မှာ ဥရောပက NATO တပ်ရဲ့ အကြီးအကဲ ဖြစ်လာသူပါ ။
ကိုဆိုဗိုဗုံးကြဲစစ်ဆင်ရေးကို ဦးဆောင်ခဲ့ရသူ ” ဗိုလ်ချုပ်ကလခ် ” လို့ နာမည် ကြီးလာသူ တယောက်ပါ ။
ထိခိုက်ဒဏ်ရာရနေပေမဲ့ နောက်မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်တတ်တဲ့ ဗီယက်နမ်တုန်းကတည်းက သူ့ရဲ့ခေါင်းမာစိတ်ကို ကိုဆိုဗိုမှာ လည်း လာတွေ့ရပြန်ပါတယ် ။
အဲ့ဒီ ခေါင်းမာမှုနဲ့ပဲ လူမျိုးကြီးဝါဒီ မီလိုဆီဗစ်ကို ဦးချိုးပစ်ခဲ့သူပါ ။
အတွင်းသဘောကိုသိသူ
ဘော့စ်နီးယားပြည်တွင်းစစ်နဲ့ ဂျင်နိုဆိုဒ်ကို အဆုံးသတ်ပေးတဲ့ ဒေတန်စာချုပ် ချုပ်ဆိုပွဲမှာ ဆားဘီးယားသမ္မတ မီလိုဆီဗစ် ဟာ အရေးပါအရာရောက်တဲ့ သံတမန်တယောက်အဖြစ် အသုံးတော်ခံပါတယ် ။
လူကြီးလူကောင်းပီသသော နိုင်ငံရေးသမားတယောက်ဟန်နဲ့ ဒေတန်အစည်းအဝေးကို တက်လာတဲ့မီလိုဆီဗစ်ကို ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်အဖြစ် ယူဆဖို့ သံတမန်အတော်များများက လက်တွန့်နေချိန်မှာ ဗိုလ်ချုပ်ကလခ်က ” ဒီကောင်မီလိုဆီဗစ်ဟာ သားသတ်သမားလိုစိတ်နဲ့ ကောင်ဗျ ” လို့ ဒဲ့ဒိုးပြောခဲ့သူပါ ။

ဝင်ဖမ်းပစ်

ဒေတန်ဆွေးနွေးပွဲမတိုင်ခင် ဘော့စ်နီးယားမှာရှိတဲ့ ဆာဘ်စစ်တပ်ကို NATO က ၃ ပတ်လောက်ဗုံးကြဲခဲ့ရပါတယ် ။
ဗိုလ်ချုပ်ကလခ်ကတော့ ဗုံးကြဲစစ်ဆင်ရေးပီးခါစ ဆာဘ်တပ်တွေအခြေယိုင်နေတုန်း ကာရာဒစ်ဇ် တို့ ရတ်ခိုမလာဒစ်တို့လို ဆာဘ်ရာဇဝတ်ကောင်တွေကို ဝင်ဖမ်းပစ်ဖို့ ဆော်သြသူပါ ။
ဒါပေမဲ့ နိုင်ငံရေးသမားတွေက အပစ်အခတ်ရပ်ဆဲရေးပျက်သွားမှာကြောက်လို့ မဖမ်းပဲ လွှတ်ထားပေးမိလိုက်ပါတယ် ။
ဗိုလ်ချုပ်ကလခ်ကိုလည်း ” ကြိုးပေးမဲ့ တရားခွင်မှာ ကြိုးအကြောင်းမပြောသေးတာ ကောင်းတယ် ” လို့ နှစ်သိမ့်ထားလိုက်ပါတယ် ။
အပြစ်ပေးအရေးယူခြင်းမရှိလေသောအခါ
ဘော့စ်နီးယန်း ၂ သိန်းလောက်ကိုသတ်ဖြတ် ဂျင်နိုဆိုဒ်လုပ်ပီး တစုံတရာအရေးယူခံရခြင်းမရှိတဲ့အခါမှာတော့ မီလိုဆီဗစ်ဟာ လက်ရဲဇက်ရဲ နဲ့ ကိုဆိုဗိုဂျင်နိုဆိုဒ်ကို မီးအရှိန်မြှင့်ပါတော့တယ် ။
ဒါပေမဲ့ ဒီတခါမှာတော့ အချိန်သိပ်မဆွဲလိုတဲ့ US အပါအဝင် အနောက်နိုင်ငံတွေဟာ ဆာဘ်တွေအပေါ် ဗုံးကြဲစစ်ဆင်ရေးစဖို့ အမြန်ပြင်ဆင်ပါတယ် ။
၁၉၉၉ မတ်လမှာ ဥရောပတဝှမ်းက NATO တပ်တွေကို တပ်လှန့်ထားပီး လေယာဉ်တွေကိုလည်း ဗုံးတွေဒုံးတွေတပ်ဆင်ကာ ပြေးလမ်းပေါ်အသင့်တင်ထားလိုက်ပီး activation order ထုတ်ဆင့်ထားလိုက်ပါတယ် ။
ဒီအချိန်မှာ ဥရောပက NATO တပ်ပေါင်းစုရဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားရသူကတော့ ဗိုလ်ချုပ်ကလခ် ပါပဲ ။
ရန်ဘူယေးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကလခ်က ဆာဘ်ကိုယ်စားလှယ်ကို ” Activation Order ထုတ်ထားပီးပီ ; အမိန့်ရတာနဲ့ တပြိုင်နက် ခင်ဗျားတို့ကိုကျုပ်ကတော့ ပစ်မှာပဲ ” လို့ ဒဲ့ဖြဲခဲ့ပါသတဲ့ ။
ကဲ ! ဆာဘ်တွေ ဘယ်လို ရင်ဆိုင်မလဲ ?
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၂
ဆာဘ်တွေ စစ်ပြင်ပီ
————————
အရန်အင်အားအပါအဝင် ရှိသမျှ လက်နက်ကိုင်တွေစုပေါင်းလိုက်မယ်ဆိုရင် စစ်သား ၁.၂ သန်းရှိတဲ့ ဆာဘ်တွေကလည်း အလျှော့မပေးပါဘူး ။
US အထူးသံတမန် ဟိုးလ်ဘရုခ်က ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းလိုက်ပီလို့ မကြေငြာမီ နာရီအနည်းငယ်ကတည်းက ဆားဘီးယားအစိုးရဟာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ် ။
ဒါက ၁၉၉၉ မတ်လ ၂၃ ရက်နေ့မှာပါ ။
NATO ရဲ့ ဗုံးကြဲစစ်ဆင်ရေးကို တုန့်ပြန်နိုင်ဖို့ ဆာဘ်လေကြောင်းကာကွယ်ရေးအင်အားကိုလည်း အသင့်ပြင်ထားလိုက်ပါတယ် ။
Surface to Air Missiles = SAM = မြေပြင်မှဝေဟင်ပစ်ဒုံးပျံတပ်ဖွဲ့တွေကို တပ်လှန့်ထားပါတယ် ။
SAM – 2 တပ်ရင်း ၃ ရင်း ;
SAM – 3 တပ်ရင်း ၁၆ ရင်း ;
SAM – 9 တပ်ရင်းကြီး ၆ ရင်း
စုစုပေါင်းလေကြောင်းကာတပ်ရင်း ၂၅ ခုဟာ ဟာ NATO ဗုံးကြဲလေယာဉ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပီ ။ ရွှေ့ပြောင်းနိုင်တဲ့စစ်ပစ္စည်းတွေကို ကျည်ကွယ်ရာနေရာတွေမှာ သိမ်းဆည်းပစ်ပါတယ် ။ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ဖုံးကွယ်ပီးမျက်ကွယ်ရအောင်လုပ်ကြပါတယ် ။ NATO သုံးတဲ့ သတ္တု + အပူအာရုံခံစနစ်တွေကို လှည့်စားဖို့ ပစ်မှတ်တုတွေဖန်တီးပီး ဓါတုဆေးပစ္စည်းတွေနဲ့သုတ်လိမ်းတာအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြပါတယ် ။
လက်နက်အင်အားအနေနဲ့ ပြန်တွက်ကြည့်ရင် ယာဉ်တင်
SAM – 9 အစင်း ၁၀၀ အပါအဝင် သာမန်လေယာဉ်ပစ်လက်နက် ၁၈၀၀ ကျော်အထိပိုင်ဆိုင်ထားပီး အင်တာနက်ချိတ်ဆက်ရေဒါတွေကိုပါ ဖြန့်ကျက်ချထားတဲ့ ဆာဘ်လေကြောင်းကာကွယ်ရေးဟာ အတော်တောင့်တင်းတယ်လို့ပြောရမှာပါ ။
အမေရိကန်ဗိုလ်ချုပ် Ryan ကတော့ စစ်ပွဲမစခင်ကွန်ဂရက်လွှတ်တော်ကြားနာပွဲမှာ ဆာဘ်လေကြောင်းကာကွယ်ရေးအင်အား အတော်ကောင်းမွန်တယ်လို့ ဝန်ခံသွားပါတယ် ။
ပင်တဂွန်က ဗိုလ်ချုပ်တွေကတော့ ဆာဘ်လေကြောင်းကာစနစ်ကို ဖြိုဖို့ NATO အနေနဲ့ လေယာဉ် ၁၀ စင်းလောက်တော့ ရင်းရလိမ့်မယ် လို့ ခန့်မှန်းကြပါသတဲ့ ။
ဗိုလ်ချုပ်ကလခ်ကို ပေးထားတဲ့အမိန့်မှာတော့ NATO ဘက်က အထိအခိုက်အကျအဆုံးမရှိစေရ တဲ့ဗျာ ။
ဘယ်လောက်ပဲ လျှို့ဝှက် လျှို့ဝှက်
ဆာဘ်တွေဘက်က လေကြောင်းကာကွယ်ရေးတပ်ကို အသင့်ပြင်တာအပြင် နောက်ထပ်တပ်ဖွဲ့တွေကိုလည်း နေရာချထားနေပါတယ် ။
ပြင်သစ်နိုင်ငံ ရန်ဘူယေးမှာ ဆာဘ်ကိုယ်စားလှယ်က အချိန်ဆွဲဆွေးနွေးနေစဉ်အတွင်း ဆာဘ်ဗိုလ်ချုပ် Pavkovic ဦးဆောင်တဲ့ အမှတ် ၃ ဆာဘ်တပ်မတော်ဟာ ကိုဆိုဗို နယ်စပ်မှာ လျှို့ဝှက်တပ်ချပီး အသင့်စောင့်နေတာပါ ။
သူနဲ့အတူ စစ်သား ၁၁၄ ၀၀၀ ; ရဲ့နဲ့ပြည်သူ့စစ် ၃ သောင်းခွဲအပါအဝင် တင့်ကား + သံချပ်ကာ အစင်း ၄၀၀ ရှိနေပါတယ် ။
ဆာဘ်တွေအနေနဲ့ ဘယ်လောက်ပဲ လျှို့ဝှက်ပီး လုပ်လုပ် CIA ကတော့ ဒီတပ်တွေ စုရုံးနေတာကို ထောက်လှမ်းမိပါတယ် ။ ဒါ့အပြင် ဒီ အမှတ် ၃ ဆာဘ်တပ်မတော်ရဲ့ တပ်ဖြန့်ပုံဟာ NATO ကိုရင်ဆိုင်ဖို့ ; သမရိုးကျ စစ်ပွဲတခုကို ဆင်နွှဲဖို့ထက် အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေကိုနွှဲဖို့ ပြင်ဆင်နေတဲ့ အကြောင်း CIA ညွှန်မှူး George Tenet က ဗိုလ်ချုပ်ကလခ်ကို ပြောပြထားပါတယ် ။
ခြိမ်းခြောက်စကား
———————
အမှတ် ၃ ဆာဘ်တပ်မတော်ရဲ့ ရည်ရွယ်ချက် ဘာလဲဆိုတာ သိပ်ကြာကြာဆန်းစစ်စရာမလိုပါဘူး ။
ဆားဘီးယား ဒု – ဝန်ကြီးချုပ် Vojislav က လူထုရှေ့မှာ
” NATO က ဆားဘီးယားကို ဗုံးကြဲလို့ကတော့ ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေ တယောက်မှ မကျန်အောင် ဖြစ်သွားစေရမယ် ” လို့ကြိမ်းဝါးနေတာပါ ။
အမှတ် ၃ ဆာဘ်တပ်မတော်ရဲ့ တပ်မှူး Pavkovic ကတော့ အလ်ဘေးနီးယန်း တယောက်မကျန်အောင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ပါသတဲ့ ။
ဆားဘီးယားသမ္မတ မီလိုဆီဗစ် ကလည်း အလ်ဘေးနီးယန်းတွေကို မောင်းထုတ်ချင်ရင် ၅ ရက်တည်းနဲ့ ပွဲပြတ်တယ် လို့ ဗိုလ်ချုပ်ကလခ် ကို ကလိ ပါသေးတယ် ။
ကဲ ! ဗိုလ်ချုပ်ကလခ် နဲ့ ဆာဘ်တွေ ဘယ်သူပိုခေါင်းမာသလဲ ကြည့်ရသေးတာပေါ့ ။
video ကို BBC – Documentary ” The Fall of Milosevic ” မှ ဖြတ်ယူပါသည် ။
video ပါ အကြောင်းအရာ >> ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေကို တယောက်မှ မကျန်အောင်လုပ်ပစ်မယ်လို့ ဆာဘ် ဒု – ဝန်ချုပ် Vojislav ကဆာဘ်လူထုကို မြှောက်ပင့်ပေးနေစဉ် ။
( စစ်ပွဲလည်းပီးရော Vojislav ဟာ သူကိုယ်တိုင် ခုံရုံးမှာသွားအဖမ်းခံပီး ဖော်ကောင်လုပ်ခဲ့တယ် ။ )


 
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၃
——————————————————————–
NATO ရဲ့စစ်ဆင်ရေးစီမံချက်
စစ်ဆင်ရေးရဲ့ နာမည်က Operation Allied Force ။
NATO ဟာ ၁၉၉၉ မတ်လမှာ ဗုံးစကြဲဖို့အတွက် စစ်ဆင်ရေးစီမံချက်ကို ၁၉၉၈ နှစ်ဦးပိုင်းကတည်းက ရေးဆွဲနေတာပါ ။ ကိုဆိုဗိုဒေသကိုသာမက ဆားဘီးယားပြည်မကြီးရဲ့ ၄၄ မျဉ်းပြိုင်တောင်ပိုင်းနယ်နိမိတ်တွေကိုပါ ဗုံးကြဲစစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပါတယ် ။
စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်
———————————
– ကိုဆိုဗိုဒေသက ဆာဘ်လက်နက်ကိုင်များချွင်းချက်မရှိထွက်ခွာရန်
– အမောင်းထုတ်ခံအလ်ဘေးနီးယန်းဒုက္ခသည်များ အား ကိုဆိုဗိုဒေသရှိ ၄င်းတို့၏နေအိမ်များသို့ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ရရန်
– ကိုဆိုဗိုဒေသကို မူလအတိုင်း ဆားဘီးယားအချုပ်အချာအာဏာပိုင်နက်အတွင်း အလ်ဘေးနီးယန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်သတ်မှတ်ရန်
– ယင်းအခြေအနေများခိုင်မာစေရန် NATO တပ်များ ကိုဆိုဗိုဒေသ သို့ ဝင်ရောက်တပ်စွဲရန်
စစ်ဆင်ရေးအခြေခံအချက်တွေအဖြစ်
——————————————-
၁ – အရပ်ဘက်ကို မထိခိုက်စေပဲ ဗဟာဗျူ ဟာပစ်မှတ်များကို ထိရောက်စွာဖျက်ဆီးနိုင်စွမ်း
၂ – ရာဇဝတ်ကောင်မီလိုဆီဗစ် နှင့် သာမန်ဆာဘ်လူထုကို ခွဲခြားနိုင်စွမ်း
၃ – NATO ၏ အပြတ်အသတ်သာလွန်သော လေကြောင်းစွမ်းအား
၎ – ဆာဘ်နိုင်ငံ၏ ဗဟိုဟန်ချက်ကို ယိုးယွင်းစေနိုင်သည်မှစ၍ အလုံးစုံဖျက်ဆီးနိုင်သည်အထိ အဆင့်ဆင့် တိုက်ခိုက်နိုင်စွမ်း
စတာတွေကို အခြေခံထားပါတယ် ။
NATO ဟာ ဒီစစ်ဆင်ရေးကို လေကြောင်းအင်အားသပ်သပ်နဲ့ အနိုင်ယူမယ် ; မိမိဘက်က အထိအခိုက်အကျ အဆုံးမရှိစေရ လို့ မူဝါဒချမှတ်ထားပါတယ် ။
ဒီမူဝါဒအရ NATO လေယာဉ်တွေဟာ ဆာဘ်လေယာဉ်ပစ်လက်နက်တွေ လက်လှမ်းမမှီရာ အမြင့်ပေ ၁၅ ၀၀၀ အထက်ကနေ ပျံသန်းတိုက်ခိုက်ရမှာဖြစ်ပါတယ် ။
( ဆာဘ်လေကြောင်းကာတပ်ဖွဲ့က အမြင့်ပေ ၁ သောင်းအထိကို သတ်ကွင်း = killing zone အဖြစ်သတ်မှတ်ထားတာကိုး ။ )
အင်အားချင်း နှိုင်းယှဉ်ကြည့်ရင် NATO ဟာ ဆာဘ်စစ်တပ်ထက် ၃၅ ဆ ပိုအင်အားကြီးတာမို့ တွက်ချက်ထားတဲ့အတိုင်း ကွက်တိဝင်လာလိမ့်မယ် ; စစ်ဆင်ရေးဟာလည်း ၃ ရက် ပဲကြာမယ် ။ အလွန်ဆုံးကြာရင် တပတ်ပဲလို့ တွက်ချက်ကြပါတယ် ။
ကိုယ့်စိတ်ကူးနဲ့ကိုယ်
NATO ဘက်က အလွယ်တွက်သလို ဆာဘ်တွေဘက်ကလည်း ခပ်ပေါ့ပေါ့ တွက်ထားတာ ရှိပါတယ် ။ ဆာဘ်တွေထင်တာက ဗုံးကြဲစစ်ဆင်ရေးဟာ ၂၄ နာရီပဲကြာမယ် လို့ တွက်ထားတာပါ ။
ဆာဘ်တွေ ခေါင်းမာပြရင် NATO ဘက်ကလက်လျှော့သွားလိမ့်မယ် လို့ တွက်ထားပါသတဲ့ ။
ကြေငြာချက်
၁၉၉၉ မတ်လ ၂၄ ရက်နေ့ည ဗုံးကြဲစစ်ဆင်ရေး စစချင်း အမေရိကန် သမ္မတကလင်တန်က ကြေငြာချက် ထုတ်ပြန်ပါတယ်
၁ – ဒီကိစ္စကို ကိုင်တွယ်ရာမှာ NATO ရဲ့အလေးထားမှုကို ဖော်ထုတ်ရန်
၂ – မီလိုဆီဗစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန်
၃ – ( ခေါင်းမာတယ်ဆိုရင် ) ဆာဘ်တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်ကို လုံးဝဥသုံ ရိုက်ချိုးဖျက်ဆီးပစ်ရန်
စကားလုံးများနဲ့အတူ
ကလင်တန်ရဲ့ စကားလုံးတွေနဲ့ အတူပျံတက်လာတာကတော့ တိုးမဟော့ခ် ၁၀၉ လုံးပါ ။
အေဒရီယားတစ် ပင်လယ်ပြင်ထဲက စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေဆီကနေ ပစ်လွှတ်လိုက်တဲ့ တိုးမဟော့ခ်တွေဟာ ကိုဆိုဗိုမြို့တော်က လျှပ်စစ်စက်ရုံကို ကွက်တိဝင်မှန်ပီး တမြို့လုံး အမှောင်အတိကျ သွားပါတယ် ။
ကိုဆိုဗိုက ဆာဘ်ရေဒါတွေ အလုပ်လုပ်မရတော့အောင်ဖြစ်သွားပါတယ် ။
ဒါ့အပြင် အရေးကြီးတဲ့ လေဆိပ်တွေ နဲ့ ဆာဘ်လေတပ်အခြေစိုက် စခန်းတွေကိုလည်း တပြိုင်နက်ဝင်မှန်ပါတယ် ။
တိုးမဟော့ခ်တွေအပီးမှာတော့ NATO လေဟာဉ်တွေ ပျံတက်လာခဲ့ပီး ဆာဘ်လေကြောင်းကာစခန်းတွေနဲ့ ရေဒါတွေကို ပစ်ပါတယ် ။
ဆားဘီးယားနိုင်ငံရဲ့ နယ်စပ်မျဉ်းအပြင်ဘက်ကနေ ပတ်ပျံတဲ့ B – 52 လေယာဉ်တွေက အခိုင်မာဆုံးဆာဘ်လေကြောင်းကာစခန်းတွေကို ပစ်ပါတယ် ။
မတ်လ ၂၄ ရက် ပထမည ပစ်ခတ်မှုမှာ ပစ်မှတ်ပေါင်း ၄၀ ကို တပြိုင်နက်ပစ်တာပါ ။
ပထမ တည တည်းတင် အကြိမ်ပေါင်း ၄၀၀ ပျံသန်းတိုက်ခိုက်ခဲ့ပီး ဆာဘ်လေတပ်စခန်း ၅ ခု ပြောင်တလင်းခါသွားပါတယ် ။
ကျန်တဲ့ ရေဒါစခန်း ; ဆက်သွယ်ရေးစခန်း ; ခဲယမ်းသိုလှောင်ရုံတွေ နဲ့ ဆာဘ်တပ်စခန်းတွေကိုလျှပ်စစ်ဓါတ်အားဖြန့်ခွဲပေးတဲ့ ဓါတ်အားပေးစက်တွေလည်း ပြားပြားဝပ်ကုန်ပါတယ် ။
ဆားဘီယား နဲ့ ကိုဆိုဗိုမှာ ရှိတဲ့ ဆာဘ်တပ်စခန်းတွေ နဲ့ အမိန့်ပေးဌာနချုပ်တွေကိုလည်း ပစ်ခွင်းပါတယ် ။
ဆားဘီးယားနိုင်ငံတွင်းသာမက အိမ်နီးချင်းမွန်တီနီဂရိုးမှာရှိတဲ့ Podgorica က ရေဒါကိုလည်း ပစ်ခွင်းလိုက်ပါတယ် ။
မွန်တီနီဂရိုးဟာ အဲ့ဒီအချိန်တုန်းက ဆားဘီးယားနဲ့ပူးတွဲပီး ယူဂိုဆလားဘီးယားအဖြစ် ဆက်လက်ရပ်တည်နေတုန်းပဲကိုး ။
ဗိုလ်ချုပ်များကိုသာ
ဒီ ပထမ ညမှာ ပစ်တဲ့ပစ်မှတ်တွေကို ကြည့်ရင် ရှေ့တန်းမှာ ရှိတဲ့ ဆာဘ်တပ်တွေထက် နောက်ပိုင်းမှာရှိတဲ့ မဟာဗျူ ဟာမြောက်ပစ်မှတ်တွေကိုပဲ ဦးချိုးပစ်ခတ် တဲ့သဘောပါ ။
NATO အနေနဲ့ သာမန် ဆာဘ်ခြေလျင်စစ်သားတွေကိုတောင် မလိုအပ်ရင် မချေမှုန်းဖို့ ရည်ရွယ်ထားပါတယ် ။
နောက်တန်း ကျည်လွတ်မြေမှာ အေးဆေးသက်သာ အခန့်သားထိုင်ပီး အမိန့်ပေးနေတဲ့ ဆာဘ်ဗိုလ်ချုပ်တွေကိုပဲ ပစ်မှတ်ထားချေမှုန်းတဲ့သဘောပါ ။
video ကို BBC – Documentary ” The Fall of Milosevic ” မှ ဖြတ်ယူပါသည် ။

ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၎
————————————————————————
အသေးစိတ်ကြည့်ရှု့ညွှန်ကြား
ဒီ ပထမ ည ဗုံးကြဲစစ်ဆင်ရေးကို အိမ်ဖြူ တော်ကနေ အချိန်နဲ့ တပြေးညီ ကြည့်ရှု့နေသူတွေကတော့ အမေရိကန်သမ္မတကလင်တန် ; ကာကွယ်ရေးဝန်ကြီး ကိုဟင်န် နဲ့ ကြယ်၅ပွင့် ဗိုလ်ချုပ်ကြီး ရှယ်လ်တန် တို့ပါပဲ ။
တိုက်ခိုက်မှု မစတင်ခင်မှာ တချို့ပစ်မှတ်တွေဟာ ဆာဘ်အရပ်သားနေထိုင်ရာတွေ နဲ့ နီးလွန်းလို့ သူတို့ကပယ်ဖျက်ပစ်ကြပါသေးသတဲ့ ။
အဲ့ဒါအပြင် ထုံးစံအတိုင်းသုံးနေကျ ပေါင် ၂၀၀၀ ပြင်းအားဗုံးတွေကို မသုံးစေပဲ ပေါင် ၅၀၀ ပြင်းအားရှိတဲ့ ဗုံးတွေကိုပဲ သုံးဖို့ ညွှန်ကြားထားပါသတဲ့ ။
NATO အနေနဲ့ ပစ်မှတ်တခုချင်းကို ၁၀၀ % နီးပါးကွက်တိပစ်ခတ်နိုင်မှတော့ ပေါက်ကွဲအားကို လျှော့ချပစ်တဲ့ သဘောပါ ။
ဘေးထွက်ပျက်စီးမှုကို နည်းနိုင်သမျှ နည်းပီး အရပ်သားတွေမထိခိုက်အောင် ကြံဆောင်ကြတာပါ ။
ဆာဘ်လေကြောင်းကာတပ်ဖွဲ့
ဆာဘ်လေကြောင်းကာကွယ်ရေးပါရဂူတွေဟာ စစ်ပွဲမစတင်ခင်ကတည်းက ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ကို ရင်ဆိုင်ခဲ့တဲ့ ဆက်ဒမ်ရဲ့လေကြောင်းကာတပ်မှူးတွေဆီသွားပီး အကြံဥာဏ်တောင်းထားကြပါသတဲ့ ။
ဆက်ဒမ့်တပ်မှူးတွေပေးတဲ့ အကြံကတော့ ” တို့တွေရဲ့ လေကြောင်းကာစနစ်ဟာ အမေရိကန်လေတပ်ကိုဖြိုချဖို့ မစွမ်းနိုင်ပါဘူး ။ ဒါကို ငါတို့က ထည့်မတွက်ပဲ ဇွတ်ပစ်တော့ တို့နေရာတွေကို လေယာဉ်တွေက အတိအကျ သိသွားပီး တို့တွေ ရေရေလည်လည်ကို ခံလိုက်ရတာပဲ ” တဲ့ဗျာ ။
ဒီအချက်ကို သင်ခန်းစာယူပီး ဆာဘ်လေကြောင်းကာတပ်ဖွဲ့ဟာ ပထမ ညမှာ SAM တွေနဲ့ တချက်မှ မပစ်ပါဘူး ။
ဆာဘ်လေကြောင်းကာတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ မိမိနိုင်ငံရဲ့ ဝေဟင်ကို ကာကွယ်ဖို့ထက် မိမိတပ်မပျက်ရေးကိုသာ ဦးတည်သွားတဲ့သဘောပါ ။
ဆာဘ်လေကြောင်းကာတပ်ရှိနေသရွေ့ NATO လေတပ်အပေါ် ခြိမ်းခြောက်မှု တခု အဖြစ်ဆက်လက်တည်ရှိနေပီး လေယာဉ်တွေဟာ အမြင့်ပေ ၁သောင်းခွဲအထက်ကနေ ဆက်လက်ပျံသန်းရတော့မှာ ဖြစ်ပါတယ် ။
စစ်ဆင်ရေး တလျှောက်လုံး ဒီလို ကန့်သတ်ချက်ကို တောက်လျှေက်ဖြစ်ပေါ်နေစေဖို့ ဆာဘ်လေကြောင်းကာတပ်ဟာ အပြတ်အသတ်ပစ်ခတ်တာမျိုးမလုပ်ပဲ နှောက်ယှက်ပစ်ခတ်တာမျိုး လုပ်ဖို့ပဲ ရည်ရွယ်ထားလိုက်ပါတော့တယ် ။
မချင့်မရဲဖြစ်နေရသူ
ဗိုလ်ချုပ်ကလခ် အနေနဲ့ ပထမညမှာတင် သတ်မှတ်ထားတဲ့ အခြေစိုက်ပစ်မှတ်တွေအားလုံးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပေမဲ့ ဆာဘ်လေကြောင်းကာတပ်ရဲ့ ငြိမ်သက်နေမှုအပေါ်မှာတော့ မချင့်မရဲဖြစ်မိပါသတဲ့ ။
ဆာဘ်လေတပ်
ဆာဘ်လေတပ်မှာ စစ်လေယာဉ် အစင်း ၂၃၀ ကျော်ရှိပီး ရုရှားထုတ် MIG – 29 ၁၅ စင်း နဲ့ MIG – 21 ၆၄ စင်းအပါအဝင် ကိုယ်တိုင်ထုတ်G – 4 Supergaleb မြေပြင်တိုက်ခိုက်ရေးလေယာဉ်တွေလည်း အစင်း ၈၀ ကျော်ရှိနေပါတယ် ။
အာသာပြေစရာ
ဗိုလ်ချုပ်ကလခ်အတွက် အာသာပြေစရာကတော့ ဆာဘ်လေတပ်က MIG – 29 ၄ စင်းဟာ စစ်ဆင်ရေးရဲ့ ပထမညမှာ လေပေါ်ပျံတက်လာခဲ့တာပါ ။
၎ စင်းထဲက ပထမ တစင်းဟာ အင်ဂျင်ချို့ယွင်းလို့ ချက်ချင်းပြန်ဆင်းသွားရပါသတဲ့ ။
နောက်ထပ် ၃ စင်းကိုတော့ NATO လေယာဉ်တွေက ပစ်ချ လိုက်ပါတယ် ။
အမေရိကန် F -15 တွေက ပစ်ခတ်လိုက်လို့ MIG – 29 ၂ စင်းဟာလေပေါ်တင်ပေါက်ကွဲပျက်စီးသွားပီး နယ်သာလန် F – 16 နဲ့ ရင်ဆိုင်ရတဲ့ MIG – 29 ၁ စင်းဟာ အရေးပေါ်ပြန်ဆင်းသွားရပါတယ် ။ ဒီလေယာဉ်ဟာ ဆင်းနေကျ ကွင်းမှာ ဆင်းဖို့လုပ်ပေမဲ့ အဲ့ဒီကွင်းကို NATO က ကြိုပီးဗုံးကြဲထားလိုက်ပါပီ ။ ဒီအတွက် ပိုဝေးတဲ့ နီကိုလာတက်စ်လာ လေယာဉ်ကွင်းအထိ ဆက်ပျံရပီးမှ ဆင်းနိုင်ပါတော့တယ် ။ ဒါပေမဲ့ နောက်ထပ်တကြိမ်ပျံတက်တိုက်ခိုက်နိုင်ဖို့ မဖြစ်နိုင်လောက်အောင်ထိ ပျက်စီးသွားခဲ့ပါတယ် ။
အမိန့်ဖီဆန်ကြ
ဒီ့နောက်မှာတော့ ဆာဘ်လေတပ်ပိုင်းလော့တွေကိုယ်တိုင်က ပျံသန်းမိန့်ကို ငြင်းဆန်တာတွေ လုပ်လာတော့တာပါပဲ ။
” လေယာဉ်အစုတ်ပလုတ်တွေနဲ့ ကမ္ဘာ့အကောင်းဆုံးလေတပ်ကို ယှဉ်မတိုက်ခိုင်းနဲ့ ။ တချိန်လုံး လေတပ်ကို လျစ်လျူ ရှု့ခဲ့တယ် ။ ပြင်ထိန်းတွေသေချာလုပ်မပေးခဲ့ဘူး ။ စစ်ဖြစ်ခါနီးမှ ဖုတ်ပူမီးတိုက် MIG – 29 တချို့ထုတ်ပေးပီး ကျုပ်တို့အသက်ကို အချောင် မစတေးနဲ့ ” ဆိုတဲ့ ခံယူချက်တွေဟာ ဆာဘ်လေတပ်ထဲမှာ စတင် ပျံ့နှံ့သွားပါတော့တယ် ။
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၅
————————————————————————
ပွဲဦးထွက် အချင်းချင်းပစ်မိ
ဒုတိယညမှာ ဆာဘ်လေတပ်အပြင် ဆာဘ်လေကြောင်းကာတပ်ကလည်း ပြန်လှန်ပစ်ခတ်တာတွေလုပ်လာပါတယ် ။
ဒုတိယညမှာ ဆာဘ်လေကာတပ်ဟာ SAM ဒုံးပျံ ၁၀ လုံးကို ပစ်လွှတ်ခဲ့ပီး NATO လေယာဉ်တစင်းကိုမှ မထိခဲ့ပါဘူး ။ အဲ့ဒီ ၁၀ လုံးထဲကမှ ၁ လုံးဟာ ကိုယ့်လေယာဉ်ကိုယ်ပြန်ပစ်မိသွားခဲ့ပါသေးတယ် ။
ဖြစ်စဉ်ကတော့ ဒုတိယညမှာ MIG – 29 တစင်းဟာ စပျံတက်ခါစမှာပဲ electric generator ပျက်သွားပီး အောက်မှာရှိတဲ့ ဆာဘ်ရေဒါတွေနဲ့ အဆက်အသွယ်ပြတ်သွားပါတယ် ။ အကျိုးဆက်ကတော့ ဆာဘ်လေကြောင်းကာတပ်တွေကိုယ်တိုင်က အဲ့ဒီလေယာဉ်ကို ရန်သူ့လေယာဉ်နဲ့ မှားပီး ပစ်ချ လိုက်မိပြန်ပါတယ် ။ ဆာဘ်လေတပ်ထဲမှာ ပျံသန်းမိန့်ကို ငြင်းဆန်မှုဟာ တိုးသထက်တိုးလာပါတယ် ။
သက်ညှာနေတုန်းပဲ
NATO လေတပ်ကတော့ ဒုတိယရက်မှာလည်း ရှေ့တန်းမှာ ရှိတဲ့ သာမန်ဆာဘ်စစ်ကြောင်းတွေကို မပစ်သေးပါဘူး ။ နောက်ပိုင်းလုံခြုံရာမှာခိုအောင်းနေတဲ့ ဆာဘ်ဗိုလ်ချုပ်တွေ နဲ့ သူတို့ရဲ့ အမိန့်ပေးဌာနချုပ်တွေကိုပဲ ပစ်သေးတာပါ ။
ဆာဘ်လေယာဉ်ကွင်းတွေ လေကြောင်းကာစခန်းတွေ ရေဒါတွေ ခဲယမ်းသိုလှောင်ရုံတွေ ကိုတော့ ရေရေလည်လည် ပစ်ခွင်းပါတယ် ။
စာအုပ်ကြီးအတိုင်း
စစ်ပွဲမစတင်ခင်ကတည်းက အမှတ် ၃ ဆာဘ်တပ်မတော်ရဲ့တပ်ဖြန့်ခွဲပုံ မူမမှန်တဲ့အကြောင်း CIA က ဗိုလ်ချုပ်ကလခ် ဆီကို အစီရင်ခံခဲ့ပီးသားပါ ။
စစ်ပွဲလည်းစတင်ရော အမှတ် ၃ ဆာဘ်တပ်မတော်ဟာ ကိုဆိုဗိုဒေသကို နေရာအနှံ့ကနေစိမ့်ဝင်လာပီး အခြေပြုနေရာယူတာတွေ လုပ်တော့တာပါပဲ ။
ဗိုလ်ချုပ်ကလခ် အနေနဲ့ သွက်သွက်လက်လက် ဝင်ကိုင်ပစ်ချင်ပေမဲ့ NATO နိုင်ငံရေးသမားတွေက စီမံချက်ရေးဆွဲတဲ့ အတိုင်းပဲ ဗုံးကြဲစေလိုတာမို့ သည်းခံနေရပါတယ် ။
စီမံချက်အတိုင်းဆိုရင် ၁ ပတ်တိတိ မဟာဗျူ ဟာမြောက်ပစ်မှတ်တွေကိုသာ ပစ်ခတ်ရမှာဖြစ်ပါတယ် ။
ဒီလို ပထမ ၁ပတ် ပစ်ခတ်မှုကို phase – 1 လို့သတ်မှတ်ထားပါတယ် ။
တတိယညမှာလည်း NATO ဟာ ထုံးစံအတိုင်း ဆာဘ်လေကြောင်းကာတပ် လေတပ် နဲ့ အမိန့်ပေးဌာနချုပ်တွေကိုပဲ ဆက်ပစ်နေတုန်းပါပဲ ။
အထက်ကဇွတ်ဖိပီး အမိန့်ပေးလို့ ဆာဘ် MIG – 29 ၂ စင်းဟာ တတိယနေ့မှာ လေပေါ်ပျံတက်လာခဲ့ပါတယ် ။ ဒါပေမဲ့ NATO လေယာဉ်တွေကို ရင်မဆိုင်ချင်လို့ MIG ပိုင်းလော့တွေက ရှောင်ထွက်ပျံသန်းပေမဲ့ ဒါမျိုးဆိုပစ်ချင်လွန်းလို့စောင့်နေတဲ့ NATO ပိုင်းလော့တွေကတော့ ဘယ်လက်လွှတ်ခံလိမ့်မလဲဗျာ ။ MIG – 29 ၂ စင်းလုံးကို ရအောင်ပစ်ချ လိုက်တာပေါ့ ။
ဒီ့နောက်မှာတော့ စစ်ဆင်ရေးတလျှောက် ဆာဘ်တိုက်လေယာဉ်ပျံတွေဟာ နောက်ထပ် ပျံတက်တိုက်ခိုက်မှုတကြိမ်မှတောင် ထပ်မလုပ်ရဲတော့ပါဘူး ။
သက်ညှာမှုကို အခွင့်ကောင်းယူ၍
စဦး ၃ ရက်အတွင်း တိုက်ရိုက်တိုက်ခိုက်ခြင်းမခံရတဲ့ အမှတ် ၃ ဆာဘ်တပ်မတော်က စစ်ကြောင်းတွေဟာ ကိုဆိုဗိုဒေသ အနှံ့အပြားမှာ အခြေစိုက်မိနေပါပီ ။
ဒီနောက်မှာတော့ အမှတ် ၃ ဆာဘ်တပ်မတော်နဲ့အတူလိုက်လာတဲ့ ဆာဘ်ရဲ ၂ သောင်းဟာ ကိုဆိုဗိုရဲ့ မြို့ပြတွေမှာ တအိမ်တက်ဆင်း လူဖမ်းပွဲ သတ်ပွဲ လုယက်ပွဲတွေ စလုပ်နေပါပီ ။
ဆာဘ်ပြည်သူ့စစ် ၁ သောင်းခွဲဟာလည်း ကိုဆိုဗိုက အလ်ဘေးနီးယန်းကျေးရွာတွေကို စီးနင်းတိုက်ခိုက်ပီး လူသတ် မီးရှို့ မုဒိန်းကျင့် တာတွေ စလုပ်နေပါပီ ။
အမှတ် ၃ ဆာဘ်တပ်မတော်ဟာ နိုင်ငံတကာအသိအမှတ်ပြု အမြဲတမ်းတပ်မတော်တရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ညီစွာ ကျင့်ကြံရင်း ရန်သူကို ရဲရဲဝံ့ဝံ့တိုက်ခိုက်ရမဲ့အစား လက်နက်မဲ့ အရပ်သားတွေပေါ်မှာ မတော်မတရားပြုကျင့်ပီး ယုတ်မာရက်စက်မှုတွေကျူးလွန်ဖို့ ခြေလှမ်း စတင်လိုက်ပါပီ ။
ဒါတွေဟာ မတော်တဆ ခြေလွန်လက်လွန်လုပ်မိတာမျိုးမဟုတ်ပဲ သေချာကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကြိုတင် အစီအစဉ်ဆွဲပီး ကျူးလွန်တဲ့ ရာဇဝတ်မှုကြီး ဖြစ်ပါတယ် ။
ဆာဘ်တွေဟာ NATO ရဲ့ Operation Allied Force ကိုတုန့်ပြန်ဖို့ Operation Horseshoe ဆိုပီး အလ်ဘေးနီးယန်းတွေအပေါ်စနစ်တကျ အကွက်ချပီး ရက်ရက်စက်စက် နှိပ်ကွပ်တာပါ ။
ဗိုလ်ချုပ်ကလခ် အနေနဲ့ ဆာဘ်တွေရဲ့ ငရဲခန်းစစ်ဆင်ရေး Operation Horseshoe ကို တားဆီးနိုင်ပါ့မလား ?
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၆
————————————————————————
Operation Horseshoe
( က ) အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ

ဗုံးကြဲစစ်ဆင်ရေးစပီးလို့ တပတ်အကြာ ၁၉၉၉ ဧပြီလ ၂ ရက် နေ့မှာ ဆာဘ်စစ်ကြောင်း တခုဟာ ကိုဆိုဗိုဒေသ မလစ်ရှိဗို ရွာကို ဝင်ရောက်လာပါတယ် ။
ရွာထဲမှာရှိတဲ့ အလ်ဘေးနီးယန်းတွေဟာ ရွာကနေထွက်ပြေးကြပါတယ် ။
မပြေးနိုင်ပဲ ကျန်ရစ်သူ ; ပြေးတာနောက်ကျပီး ဆာဘ်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရသူတွေဟာ ဘယ်လိုကံကက္မြာနဲ့ ရင်ဆိုင်ရပါသလဲ ?
မလစ်ရှိဗို ရွာသား Bali Tachi ဟာ ဆာဘ်စစ်ကြောင်းပြန်လည်ထွက်ခွာသွားချိန်မှာ ရွာထဲကို ပြန်ဝင်လာပါတယ် ။ သူ့အိမ်အပါအဝင် အိမ်အတော်များများကိုပါ ဆာဘ်တွေက မီးရှို့သွားတာပါ ။
ဒါပေမဲ့ အိမ်တချို့ဟာ လုံးဝပြာကျ သွားတာ မဟုတ်တာမို့ တချို့ပစ္စည်းတွေကို အကောင်းအတိုင်းပြန်ရလိုက်တာရှိပါတယ် ။ အဲ့ဒီထဲကမှ အဖိုးတန်တာကတော့ ကင်မရာပါ ။
အကောင်းအတိုင်းကျန်နေတဲ့ ကင်မရာကို သုံးပီး Bali ဟာ ဆာဘ်တွေလုပ်သွားတာတွေကို မှတ်တမ်းတင်ပါတော့တယ် ။ သတ်ဖြတ်ခံလိုက်ရတဲ့ အလောင်းတွေကို တောက်လျှောက်မှတ်တမ်းတင်ပါတယ် ။ ထွက်ပြေးရင်း ဆာဘ်တွေဖမ်းဆီးတာ ခံလိုက်ရတဲ့ ရွာသားတွေအစုလိုက်အသတ်ခံထားရတာကိုလည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။
တပြိုင်နက်တည်းမှာပဲ အနီးနားက Buri ရွာမှာ ဆာဘ်တွေဟာ ဒီလိုလူသတ်ပွဲလုပ်သွားတယ်လို့ သတင်းကြားရပါတယ် ။ Buri ရွာဟာ Bali ရဲ့ဦးလေး ခိုလှုံနေတဲ့ရွာပါ ။
Bali အနေနဲ့ ဆာဘ်စစ်ကြောင်းတွေကို ရှောင်ရှားရင်း Buri ရွာကို ၃ နာရီကြာအောင် လမ်းလျှောက်သွားရပါတယ် ။ ရောက်တာနဲ့ ကင်မရာကို ထုတ်ပီး တောက်လျှောက်မှတ်တမ်းတင်တာပါ ။ မှတ်တမ်းတင်တာကိုကြားထဲမှာ ရပ်မပစ်ပါဘူး ။ fake video လုပ်တယ်လို့ အစွပ်စွဲမခံနိုင်လို့ပါ ။ ဆာဘ်တွေဟာ အလ်ဘေးနီးယန်းရွာသား ၃၆ ယောက်ကိုသတ်ဖြတ်သွားပါတယ် ။ တောက်လျှောက်မရပ်တန်း တလောင်းချင်းကို အသေးစိတ်မှတ်တမ်းတင်ရင်း Bali နောက်ဆုံးတွေ့ရတဲ့ အလောင်းကတော့ သူ့ဦးလေးအလောင်းပါပဲ ။ ဆာဘ်တွေဟာ သူ့ဦးလေး လည်ပင်းကို လှီးဖြတ်ရုံတင်မကပဲ လှီးဖဲ့ယူသွားတာပါ ။
အလောင်းတိုင်း အလောင်းတိုင်းကိုလည်း အဲ့ဒီလို ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်ဆီးခဲ့တာချည့်ပါပဲ ။
Bali ရဲ့ မှတ်တမ်းဟာ အတော်တာသွားပါတယ် ။
Unique Record of Serb’s Ethnic Cleansing = ဆာဘ်တွေရဲ့လူမျိုးရေးရှင်းလင်းမှုကို ဖက်ပြိုင် ( ငြင်းဆန်လို့မရအောင် ) မှတ်တမ်းတင်ပီးသားဖြစ်သွားပါတယ် ။
Bali ရဲ့မှတ်တမ်းဗီဒီယိုကြောင့် ” NATO ဗုံးကြဲလို့ လူတွေထွက်ပြေးရတယ် ” ဆိုတဲ့ ဆာဘ်တွေရဲ့ဝါဒဖြန့်မှုဟာ အလိမ်အညာဖြီးလုံးသာဖြစ်ကြောင်းပေါ်လွင်သွားပါတယ် ။
ရန်သူရဲ့ အစိုးရအဆင့်ဝါဒဖြန့်စကားကို သာမန်ရွာသားတယောက်ရဲ့ ဗီဒီယိုကင်မရာလေးက ချေဖျက်ပစ်လိုက်တာပါ ။
ကိုယ့်လူတွေရဲ့ လက်ထဲက ဖုန်းတွေကို အားအပြည့်သာဖြည့်ထားပါ ။အဲ့ဒီမှာ ကင်မရာရော ရီကော်ဒါရော အင်တာနက်ချိတ်ဆက်မှုတွေပါ ပါပါတယ် ။
လက်နက်ကြီးတခုဆိုတာ မမေ့ပါနဲ့ ။
ဆာဘ်တပ်ဖွဲ့တွေဟာ ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ရာနဲ့ချီ ပြု လုပ်ခဲ့ပါတယ် ။
ဝေဟင်ပေါ်မှာ NATO လေယာဉ်တွေ တဝီဝီပျံနေတုန်း မြေပြင်ပေါ်မှာ ဆာဘ်စစ်ကြောင်းတွေက လူသတ်ပွဲတွေ နွှဲကြတာပါ ။
NATO ဗုံးကြဲနေစဉ်အတွင်း ဆာဘ်တွေလက်ချက်နဲ့ အလ်ဘေးနီးယန်း အရပ်သား ၁ သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ် ။
အမေရိကန် ရှေ့နေများအသင်းရဲ့ ခန့်မှန်းချက်အရ Operation Horseshoe ကြောင့် အလ်ဘေးနီးယန်း အရပ်သား ၁၀၅၀၀ သေဆုံးခဲ့ရပါတယ် ။
ဆာဘ်တွေဟာ ဒီလို အစုလိုက်အပြုံလိုက်လူသတ်ပွဲနွှဲဖို့ စစ်ကြောင်းထွက်တဲ့အခါ ဆာဘ်တပ်မတော်ယူနီဖောင်းကို မဝတ်ပဲ အရပ်ဝတ်တွေပြောင်းဝတ်ပါတယ် ။ မျက်နှာဖုံးတွေစည်း သိုးမွေးခေါင်းစွပ်တွေ စွပ်ပီး ရုပ်ဖျက်ကြပါတယ် ။ NATO လေယာဉ်တွေက ပစ်မှာကြောက်လို့ ဆာဘ်တပ်မတော်သုံးထရပ်ကားတွေကိုတောင် မသုံးပဲ အလ်ဘေးနီးယန်းဒုက္ခသည်တွေသုံးတဲ့ ထရပ်ကားစုတ်တွေနဲ့ စစ်ကြောင်းထွက်ကြပါသတဲ့ ။ ထရပ်ကားပေါ်မှာ UN က ဒုက္ခသည်တွေအတွက်ပေးတဲ့ မိုးကာတဲတွေကိုတောင် ချိတ်ဆွဲထားတာမျိုးတွေ လုပ်ကြပါသတဲ့ ။
အမြဲတမ်းတပ်မတော်တရပ်ရဲ့ ဂုဏ်သိက္ခာနဲ့မလျော်ညီတဲ့ ပြုကျင့်မှုတွေကို ဆာဘ်စစ်သား ယေက်ျားရင့်မကြီးတွေက သူရဲဘောကြောင်စွာ ကျူးလွန်ခဲ့ကြတာပါ ။
ingunjawa ရေးသည်
video ကို BBC – Documentary ” The Fall of Milosevic ” မှ ဖြတ်ယူပါသည် ။
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၇
————————————————————————
( ခ ) အထောက်အထားများကိုဖျောက်ဖျက်ခြင်း
Bali တို့လို အလ်ဘေးနီးယန်းရွာသားတွေက အထောက်အထားမှတ်တမ်းတွေယူနိုင်တဲ့အခါမှာတော့ ဆာဘ်တွေဟာ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့လုပ်ပါတော့တယ် ။
ဆာဘ်တပ်ဖွဲ့တွေဟာ လူတွေကို သတ်ပီးရင် အလောင်းတွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ဖျက်ဆီးပီးတော့ အင်္ကျီတွေ လွှဲဝတ်ပေးတာ ; မြေမမြုပ်ခင် အလောင်းတွေကို မီးရှို့ပစ်တာ ; မြုပ်ထားတာတွေပြန်ဖော်ပီး တခြားနေရာတွေမှာ ရွှေ့မြုပ်တာ ; သတ်ထားတဲ့အလောင်းတွေကို သဘာဝအတိုင်းသေဆုံးသူတွေမြုပ်နှံထားတဲ့ သင်္ချိုင်းဟောင်းတွေမှာ ရောမြုပ်တာ တွေ လုပ်ကြပါတော့တယ် ။
ဒါတွေကို လုပ်တာဟာ အောက်ခြေဆာဘ်တပ်သားတွေလောက်က လုပ်တာမဟုတ်ပဲ ဗဟိုဆားဘီးယားအစိုးရကိုယ်တိုင်ရဲ့ညွှန်ကြားချက်နဲ့လုပ်တာပါ ။ ပွဲစဉ်တွေအပီးမှာ ဆာဘ်ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က သဲလွန်စတွေဖျောက်ဖျက်ဖို့လမ်းညွှန်အမိန့်ဟာ သမ္မတမီလိုဆီဗစ်ကိုယ်တိုင်ထုတ်ဆင့်ခဲ့တာဖြစ်ကြောင်း ဖော်ကောင်လုပ်ပါတော့တယ် ။ [ မီလိုဆီဗစ်အစိုးရအဖွဲ့ဟာ အလဲလဲအကွဲကွဲလည်းဖြစ်ရော တရားရုံးမရောက်သေးခင်မှာတောင် ဒီလိုဖော်ကောင်တွေ ပြန်လုပ်ကြတာ အကြိမ်ကြိမ် မြင်ရပါလိမ့်မယ် ။ ]
၁၉၉၉ မတ်လ ၂၉ ရက်နေ့ Trnje မှာ ဆာဘ်တပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ ၄ ရက်က သူတို့သတ်သွားတဲ့ လူ ၃၀ ရဲ့အလောင်းတွေကို ထရပ်ကားနဲ့ လာသယ်ထုတ်သွားပါတယ် ။ အဲ့လိုပြန်လာသယ်မှပဲ မျက်မြင်သက်သေတွေ ပိုရကုန်ပီး witness တွေက နိုင်ငံတကာကို အကြောင်းကြားပါတော့တယ် ။
၁၉၉၉ ဧပြီလ ၁၆ မှာ ဆာဘ်တပ်ဖွဲ့တွေဟာ Slovinje ရွာမှာ အရပ်သား ၁၆ ယောက်ကို သတ်သွားပါတယ် ။ အသက်ရှင်ကျန်နေရစ်တဲ့ ရွာသားတွေက အလောင်းတွေကို မြုပ်နှံခဲ့ပါတယ် ။
နောက်ရက်မှာ ဆာဘ်တပ်တွေက အဲ့ဒီအလောင်းတွေကို ပြန်ဖော်ပီး ထရပ်ကားနဲ့ သယ်ယူသွားပါသတဲ့ ။
ဒီနေရာမှာ သင်ခန်းစာယူစရာက အလောင်းတွေကို မြုပ်ပေးရုံတင်သာမကပဲ မမြုပ်ခင် မြုပ်နေစဉ် နဲ့ မြုပ်ပီးချိန်တွေမှာ ပါ ဗီဒီယို မှတ်တမ်းတင်သင့်ပါတယ် ။
ရန်သူက ပြန်လာဖော်ပီးယူသွားနိုင်တယ်ဆိုတာကိုလည်း မျှော်လင့်ထားရပါမယ် ။ လိုအပ်ရင် ရန်သူပြန်အလာကို စောင့်နေပီး မှတ်တမ်းတင်ဗီဒီယိုရိုက်ဖို့ပါပြင်ထားသင့်ပါတယ် ။ တတ်နိုင်ရင် ရန်သူပြန်အထွက်မှာ ခြုံခိုတိုက်ပွဲဆင်သင့်ပါတယ် ။ KLA တပ်တွေကတော့ အဲ့လိုခြုံခိုတိုက်တာမျိုး လုပ်လေ့ရှိပါတယ် ။
၁၉၉၉ ဧပြီ ၁၇ Poklek ရွာမှာ ဆာဘ်တွေက အရပ်သားတွေကို အုပ်စုလိုက်အိမ်ထဲမောင်းသွင်း လက်ပစ်ဗုံးနဲ့ထုပီး အိမ်တွေကို မီးရှို့ချ လိုက်ပါတယ် ။
ကျန်ရစ်တဲ့ အလ်ဘေးနီးယန်းရွာသားတွေက မီးကျွမ်းလို့သေသွားသူတွေရဲ့ အရိုးတွေကို စုပီးသေတ္တာထဲသိမ်းထားခဲ့ပါတယ် ။ ပီးတေ

ာ့ HRW လက်ထဲကို အပ်ခဲ့ပီး အမှုတွဲတည်ဆောက်နိုင်ခဲ့ပါတယ် ။
Kotlina ရွာမှာတော့ ဆာဘ်တပ်တွေက အရပ်သား ၂၂ ယောက်ကို သတ်ဖြတ်ခဲ့ပီး အလောင်းတွေကို ရေတွင်းထဲပစ်ချ ; ရေတွင်းကိုပါ မိုင်းကပ်ပီးဖျက်ဆီးခဲ့ပါတယ် ။
သတ်ဖြတ်ပွဲတွေလုပ်ပီး အထောက်အထားတွေကို နေရာမှာတင် ဖျောက်ဖျက်တာ သာမကပဲ ဆားဘီးယားပြည်မကြီးထဲကိုပါ သယ်ထုတ်သွားတာလည်းရှိပါသေးတယ် ။
အလောင်းသယ်တဲ့ ရေခဲတိုက်ကားတွေနဲ့ ပြန်သယ်ထုတ်တာပါ ။
ဆားဘီးယားနိုင်ငံရဲ့ ဒင်းညူ ဗ်မြစ်ထဲမှာ အလ်ဘေးနီးယန်းအလောင်း ၈၆ လောင်းပါတဲ့ ကားတစင်းသောင်လာတင်တော့ ဒီလိုသယ်သွားတာတွေ ပေါ်လာပါတယ် ။
ဖော်ကောင်လုပ်ပွဲ 
ပွဲစဉ်အပီးမှာ ဆာဘ်စစ်ဘက် အရပ်ဘက် အဖွဲ့ဝင်တွေဟာ ဒီလို သတ်ဖြတ်မှုနဲ့ အလောင်းဖျောက်မှုတွေကို သူတို့အချင်းချင်းလက်ညိုးထိုးအပြစ်ပုံချဖော်ကောင်လုပ်ကြပါတော့တယ် ။
အမည်မဖော်လိုတဲ့ ဆာဘ်ထောက်လှမ်းရေးအရာရှိတဦးက Trepka ဒေသမှာ အလောင်းပေါင်း ၁၅၀၀ လောက်ကို ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ဖော်ကောင်လုပ်ပါတယ် ။
၂၀၀၁ ဇူလိုင် မှာတော့ အသစ်တက်လာတဲ့ ဆားဘီးယားအစိုးရကိုယ်တိုင်က ဆားဘီးယားပြည်မကြီးထဲမှာ အလ်ဘေးနီးယန်း ၁၀၀၀ ကျော်ကို စုပီးမြုပ်ထားတဲ့ သင်္ချိုင်း ၄ ခု ထပ်တွေ့ကြောင်း ကမ္ဘာသိ ကြေငြာလိုက်ပါတယ် ။
မီလိုဆီဗစ်ကို ICTY ရုံးတော်မှာ စီရင်ဖို့လုပ်နေချိန်မို့ အဆင်းဘီးတပ်ပေးတဲ့ အနေအထားပါ ။
ဆာဘ်အချင်းချင်း ဖော်ကောင်လုပ်ရင်း ပြန်ဆော်ကြတာပါ ။
ingunjawa ရေးသည်
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၈
ဖော်ထုတ်တွေ့ရှိမှုများ
လူတယောက်ကိုသတ်လိုက်တယ် ။ ပီးတော့ အလောင်းကိုဖျောက်လိုက်တယ် ။ ဒီလိုဖြစ်စဉ်မှာတော့ ရာဇဝတ်မှုကို ဖုံးကွယ်နိုင်ကောင်း ဖုံးကွယ်နိုင်ပါလိမ့်မယ် ။
ဆာဘ်တွေအနေနဲ့ ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ပီး အလောင်းတွေကို ပုံပျက်အောင်လုပ်တာ ; မီးရှို့တာ ; နေရာပြောင်းမြုပ်တာ ; ဖျောက်ဖျက်ပစ်တာတွေက အလောင်းတခုချင်းစီအတွက် ဘယ်သူဘယ်ဝါလို့ ရှာဖွေသတ်မှတ်ဖို့ခက်ခဲသွားစေပါတယ် ။ 
case တခုချင်းစီအတွက် အထောက်အထားရဖို့ခက်သွားစေပါတယ် ။ ဒါပေမဲ့ ရာဇဝတ်မှုကြီးတွေဖြစ်ပွားကြောင်းခြုံငုံသုံးသပ်ဖို့ကျတော့ အချက်အလက်တွေ ပိုမိုခိုင်မာသွားစေပါတယ် ။ ဒီလိုဖျက်ဆီးဖျောက်ဖျက်မှုတွေကြောင့် ဒီရာဇဝတ်မှုကြီးတွေဟာ စစ်တိုက်ရင်းမတော်တဆ ဖြစ်တာမဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ကြောင်း ငြင်းမရတော့ပါဘူး ။
ပွဲစဉ်တွေအပီးမှာ ဆာဘ်အချင်းချင်း ဖော်ကောင်လုပ်တာရှိသလို နိုင်ငံတကာဘက်က အထောက်အထားအခိုင်အမာနဲ့ ဖော်ထုတ်နိုင်တာတွေရှိပါတယ် ။
၁၉၉၉ နိုဝင်ဘာလမှာ ICTY ရုံးတော်က အလောင်းပေါင်း ၂၁၀၀ ကို စုမြုပ်ထားတဲ့ သင်္ချိုင်း ၁၉၅ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။
၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ မှာလည်း ICTY ရုံးတော်က အလောင်းပေါင်း ၁၅၀၀ ကျော်ကို စုမြုပ်ထားတဲ့ သင်္ချိုင်း ၃၂၅ ခုကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပါတယ် ။
နောက်ပိုင်း Izbica ; Trepka ; Mala Krusha ; Crkolez ဒေသတွေမှာ ဆက်တိုက်ထပ်ပီး ဖော်ထုတ်နိုင်ခဲ့ပါတယ် ။
ဆာဘ်တွေအနေနဲ့ ရာဇဝတ်မှုတွေကို တခုချင်းဖုံးကွယ်ဖို့ ကြိုးစားအားထုတ်ရင်း ဖြစ်စဉ်အားလုံးကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြောင်း ဝန်ခံသလိုဖြစ်သွားတာပါ ။
( ဂ ) ကျူးလွန်ရခြင်းရဲ့ ရည်ရွယ်ချက်
ဆာဘ်တွေအနေနဲ့ ဒီလိုအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့
အလ်ဘေးနီးယန်းတွေကို ကိုဆိုဗို ဒေသကနေ အပြီးတိုင် မောင်းထုတ်ချင်လို့ပါပဲ ။
Operation Horseshoe ရဲ့ စစ်ဆင်ရေးရည်မှန်းချက်မှာလဲ အဲ့ဒီအတိုင်း အတိအလင်းရေးထားတာပါ ။
Operation Horseshoe ရဲ့ စစ်ဆင်ရေးစီမံချက်တခုလုံးကို ဘူလ်ဂေးရီယားထောက်လှမ်းရေးက ရရှိခဲ့ပီး NATO အဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပါတယ် ။
ထူးခြားတာက NATO ဗုံးမကြဲခင်ကတည်းက ဆာဘ်တွေဟာ ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မောင်းထုတ်တဲ့ စစ်ဆင်ရေးကို လုပ်ဖို့ပြင်ဆင်နေတာပါ ။
NATO ဗုံးကြဲလို့ လက်စားချေတဲ့အနေနဲ့ လုပ်တာမဟုတ်ပဲ အစကတည်းက လုပ်ဖို့ ဆာဘ်တွေက စီမံကိန်းချထားတယ် ဆိုတာလည်း ထင်ရှားသွားပါတယ် ။
ကိုဆိုဗားအလ်ဘေးနီးယန်း ၁.၇ သန်းအနက် ၁.၃ သန်းကို ဆာဘ်တွေက မောင်းထုတ်ခဲ့ပါတယ် ။
ဒီလိုမောင်းထုတ်ရာမှာ ဆာဘ်တွေဟာ လူသတ်တာအပြင် မုဒိန်းကျင့်တာ ; နေအိမ်တွေကိုဖျက်ဆီးတာ ; ပစ္စည်းဥစ္စာတွေကို လုယူတာတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါတယ် ။
ဒီနေရာမှာ ထူးခြားတာလေး တခုကို ထည့်ပြောချင်ပါတယ် ။
ဆာဘ်တွေဟာ ရွှေငွေအဖိုးတန်ဥစ္စာပစ္စည်းတွေကို သိမ်းဆည်းရုံတင်မကပဲ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ လူပုဂ္ဂိုလ်တဦးချင်းနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေကိုလည်း မလွတ်တမ်း သိမ်းယူဖျက်ဆီးပစ်တာပါ ။
( ဃ ) identity cleansing = ( တဦးချင်းစီ၏ ) ပုဂ္ဂလအမှတ်သညာအထောက်အထားများကိုဖျက်ဆီးခြင်း
အလ်ဘေးနီးယန်းတွေပိုင်ဆိုင်တဲ့ ပက်စ်ပို့တ် လိုင်စင် မှတ်ပုံတင် သန်းခေါင်စာရင်းနဲ့ လိုင်စင်ပြားတွေပါမချန် ဆာဘ်တပ်ဖွဲ့က သိမ်းယူလိုက်ပါတယ် ။
ဒီစာရွက်စာတမ်းတွေဟာ ငွေကြေးအားဖြင့် လက်ဝတ်လက်စားတွေလို အဖိုးတန်တာမရှိပေမဲ့ အလ်ဘေးနီးယန်းတွေနဲ့ ကိုဆိုဗိုဒေသရဲ့ ဆက်နွှယ်မှုကို ခိုင်ခိုင်မာမာ ဖော်ပြနေတော့ ဆာဘ်တွေက သိမ်းဆည်းပစ်တာပါ ။ ပီးတာနဲ့ ဖျက်ဆီးပစ်ပါတော့တယ် ။
ဒီလိုဖြစ်စဉ်တွေ မြန်မာပြည်မှာ ထပ်ခါထပ်ခါ ဖြစ်ခဲ့ပါတယ် ။ အထင်ရှားဆုံးကတော့ ရိုဟင်ဂျာတွေဆီက ပန်းရောင်ကဒ်တွေကို သိမ်းဆည်းပီး ဝှိုက်ကဒ်တွေထုတ်ပေး ; သိန်းစိန်လက်ထက်မှာ အဲ့ဒီဝှိုက်ကဒ်တွေကိုပါ သိမ်းဆည်းပီး ဘာကဒ်မှထုတ်မပေးတော့ပဲ အထောက်အထားဖျောက်ဖျက်ပစ်တာပါ ။ တူလာတိုလီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာလည်း သတ်ဖြတ်ပီးတဲ့ရိုဟင်ဂျာအလောင်းတွေကို မီးရှို့ရင်း အိမ်ထောင်စုဇယားတွေ အိမ်ဂရံမြေဂရံတွေကိုပါ ရောပီး မီးရှို့ပစ်ခဲ့တယ်လို့ သိရပါတယ် ။
ဒီစာရွက်တွေကို အလောင်းတွေမီးရှို့ဖို့မီးမွေးရာမှာသုံးခဲ့တယ်လို့ ICC အမှုတွဲ RoC46(3)-01/18 မှာ ဖတ်ရပါတယ် ။
ဒီလို အထောက်အထားတွေကိုဖျောက်ဖျက်ခြင်းတွေဟာ စာရွက်စာတမ်းပြသနာ မဟုတ်ပါဘူး ။
ဒါဟာ identity cleansing လုပ်တာပါ ။
Identity Cleansing ဟာ Genocide ရဲ့အစိတ်အပိုင်းတရပ်ဖြစ်ပီး forced disappearence လို့ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ရဲ့ ကနဦးခြေလှမ်းအဖြစ်လည်း သုံးသပ်လို့ရပါသေးတယ် ။
ပြည်မထဲမှာ တဦးချင်းအလိုက် လဝကအမှုတွဲပျောက်ဆုံးတာတွေ ; ဘာမပြောညာမပြောနဲ့ မှတ်ပုံတင်သိမ်းခံရတာတွေဟာလည်း ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလဲ ဆန်းစစ်စရာပါ ။
ဆန်းစစ်ပီးလို့ အထောက်အထားခိုင်ရင်တော့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် အမှုတွဲတည်ဆောက်ရတော့မှာပါ ။
ကိုယ့်လူတွေအနေနဲ့ ကြုံ ခဲ့ရသမျှ ကို မှတ်တမ်းလုပ်တတ်တဲ့အကျင့်လေး ရှိစေချင်ပါတယ် ။
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၉
——————————————————————–
( င ) ပစ်မှတ်ထားသုတ်သင်ခြင်း
ဆာဘ်တွေဟာ ကျေးလက်ဒေသတွေမှာ အဲ့ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့သလို မြို့ပြဒေသတွေမှာလည်း အလ်ဘေးနီးယန်းတဦးချင်းစီကို ပစ်မှတ်ထားသုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။ အဲ့ဒီလိုသတ်ဖြတ်ဖို့ ဆာဘ်ရဲတပ်ဖွဲ့ကို အခြေခံပီး special hit squad = အထူးလုပ်ကြံသတ်ဖြတ်ရေးတပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ပါတယ် ။ ဒီ့နောက်မှာတော့ ဆာဘ်တွေဟာ မြို့ပြက အလ်ဘေးနီးယန်းပညာတတ်တွေကို တအိမ်တက်ဆင်း ရှာဖွေသတ်ဖြတ်တာတွေ လုပ်တော့တာပါပဲ ။
ရာနဲ့ချီတဲ့ အလ်ဘေးနီးယန်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ; ဆရာဝန်တွေ ; ရှေ့နေတွေ ; OSCE နဲ့ ပူးပေါင်းဆောင်ရွက်သူတွေဟာ Operation Horseshoe အတွင်း သတ်ဖြတ်ခံရပါတယ် ။
ထင်ရှားတဲ့ လုပ်ကြံသတ်ဖြတ်ခံရသူတွေကတော့
– Bajram Kelmendi နှင့် သားနှစ်ယောက် ။
ရှေ့နေ Kelmendi ဟာ အလ်ဘေးနီးယန်းနိုင်ငံရေးအကျဉ်းသားတွေအတွက် အမှုလိုက်ပေးသူ ; ထင်ရှားတဲ့ အလ်ဘေးနီးယန်းသတင်းစာ Koha Ditore အတွက် အမှုလိုက်ပေးသူ ; ICTY ရုံးတော်အတွက် အချက်အလက်တွေ ပြင်ဆင်ပေးသူ ဖြစ်ပါတယ် ။
ဗုံးကြဲစစ်ဆင်ရေးစတဲ့ ၁၉၉၉ မတ်လ ၂၄ မှာ ယူနီဖောင်းဝတ်မထားတဲ့ ဆာဘ်ရဲ ၅ ယောက်ဟာ Kelmendi တို့အိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ပီး Kelmendi နဲ့သူ့သား၂ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ် ။ နောက်ရက်မှ ကားလမ်းဘေးမှာ သားအဖ ၃ ယောက်လုံးရဲ့အလောင်းတွေကို အနီးကပ်တေ့ပစ်ခံရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရပါတော့တယ် ။
ဒီသတ်ဖြတ်မှုဟာ အလ်ဘေးနီးယန်း ပညာတတ်တွေကို လှုပ်နိုးလိုက်သလိုဖြစ်သွားပီး တော်တော်များများက မြို့ပြကနေ ထွက်ပြေးသွားကြပါတယ် ။
– ၁၉၉၉ မတ် ၂၅ မှာ Djakovica ဒေသက Dr.Izet Hima ; Urim Texha နဲ့ Mark Malota တို့ကို ဆာဘ်တွေက သတ်ဖြတ်ခဲ့ပါတယ် ။ သူတို့မိသားစုဝင်တွေရှေ့မှာကို ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ ။
– ၁၉၉၉ မေ ၆ မှာ LDK ခေါင်းဆောင် Fehmi Agani ကို သတ်ဖြတ်ခဲ့ပါတယ် ။ မီးရထားနဲ့ မက်ဆီဒိုးနီးယားကို ထွက်ခွာနေစဉ် ဆာဘ်ရဲတွေဟာ ရထားကိုရပ်တန့်စေပီး Agani ကို ဖမ်းခေါ်သွားတာပါ ။ နောက်ရက်မှ သူ့အလောင်းကို လမ်းဘေးမှာတွေ့ရပြန်ပါတယ် ။
– ထင်ရှားတဲ့ အလ်ဘေးနီးယန်းကဗျာဆရာ Din Mehmeti နဲ့ စာရေးဆရာ Teki Dervishi တို့လည်း အသတ်ခံရပါတယ် ။
– အဆိုးဆုံးကတော့ Berisha မိသားစု ၂၄ ယောက်ကို သတ်ဖြတ်ပစ်တာပါ ။ ကလေး ၁၁ အပါအဝင် တမိသားစုလုံး သေဆုံးခဲ့ရပါတယ် ။
အာဇာနည်တွေ မလိုချင်ဘူး
ဒီလိုပစ်မှတ်ထားသတ်ဖြတ်မှုတွေ ရာချီဖြစ်ခဲ့ပါတယ် ။ နာမည်တချို့ကို ထည့်ရေးနေတာက အဲ့ဒီ အာဇာနည်တွေကို ကိုယ့်လူတွေအမှတ်ရစေချင်လို့ပါ ။ ဒါပေမဲ့ကိုယ့်လူတွေထဲကနေတော့ အာဇာနည်တွေ မလိုချင်ပါဘူး ။ ပါးပါးနပ်နပ်နဲ့ ကြိုတင်ရှောင်ထွက်ကြပါ ။
သတ်ဖြတ်မှုကျူးလွန်တဲ့ ဆာဘ်ရဲတပ်ဖွဲ့ဝင်တွေဟာ ပွဲစဉ်လည်းပီးရော ဆားဘီးယားပြည်မကြီးထဲကို ပြေးဝင်ကြပီး လွတ်အောင်ရှောင်ကြပါတယ် ။
ဒီမှာ အဲ့ဒါမျိုးလုပ်ခဲ့ရင်တော့ ပြန်ပြေးဝင်စရာမြေမရှိစေရပါဘူး ။ ကျူးလွန်တဲ့ကောင် တကောင်ချင်းစီနောက်ကို အမဲလိုက်သလို ပြန်လိုက်ပီး ပုံစံမျိုးစုံနဲ့တုန့်ပြန်စီရင်ဖို့ သံဒိဌာန်ချ အစီအစဉ်ကြိုဆွဲထားပါတယ် ။
အာဏာရူးတွေဆိုတာအတူတူပါပဲ
မီလိုဆီဗစ်ရဲ့ အထူးလုပ်ကြံသတ်ဖြတ်ရေးတပ်ဖွဲ့ဟာ အလ်ဘေးနီးယန်းတွေကိုသာ လုပ်ကြံတာမဟုတ်ပါဘူး ။ မီလိုဆီဗစ်ကို အတိုက်အခံလုပ်တဲ့ ဆာဘ်နိုင်ငံရေးသမားတွေ နဲ့ ဂျာနယ်လစ်တွေကိုလည်း သတ်ဖြတ်ပါတယ် ။
Slavko Curuvija ဟာဆိုရင် မီလိုဆီဗစ်ပြဌာန်းတဲ့ ဆင်ဆာဥပဒေကို ဝေဖန်မိတဲ့ ဂျာနယ်လစ်တယောက်ပါ ။ ဆာဘ်ရဲတွေက သူ့ကို အနီးကပ်တေ့ပီး ပစ်သတ်ခဲ့ပါတယ် ။ Curuvija ရဲ့မိန်းမကိုပါ ပစ်သတ်ပေမဲ့ မသေပဲကျန်ခဲ့လို့ ဖြစ်ကြောင်းကုန်စင်ကို ကမ္ဘာကြီးက သိရတာပါ ။ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ စစ်ဖြစ်နေတဲ့ကိုဆိုဗိုဒေသမှာဖြစ်ပွားခဲ့တာ မဟုတ်ပဲ ဆားဘီးယားနိုင်ငံရဲ့မြို့တော် ဘဲလ်ဂရိတ်မှာ ဖြစ်ပွားခဲ့တာပါ ။
Curuvija လုပ်ကြံခံရပီးချိန်မှာတော့ ကျန်တဲ့ ဆာဘ်နိုင်ငံရေးသမားတွေဟာ မွန်တီနီဂရိုးကို ထွက်ပြေးကြပါတော့တယ် ။ အထင်ရှားဆုံးထွက်ပြေးရသူကတော့ Zoran Djindjic ပါ ။ သူဟာ Curuvija ရဲ့အသုဘက အပြန်မှာ အိမ်ကိုပြန်မဝင်ရဲပဲ မွန်တီနီဂရိုးထိ မောင်းပြေးရပါတယ် ။ သူကံကောင်းသွားတာပါ ။ သတ်ဖြတ်ဖို့စာရင်းထဲမှာ သူဟာ နံပါတ်စဉ် ၂ ပါ ။
အလ်ဘေးနီးယန်းတွေကို သတ်ဖြတ်ပီးဂျင်နိုဆိုဒ်လုပ်တော့ ဆာဘ်အတိုက်အခံတွေ မီဒီယာသမားတွေဟာ အာဏာရမီလိုဆီဗစ်နဲ့ သွေးစည်းညီညွတ်ခဲ့ပြခဲ့ပါတယ် ။
ဗုံးကြဲခံရချိန်မှာတော့ ဒီသွေးစည်းညီညွတ်မှုဟာ အတုအယောင်ဖြစ်ကြောင်း ပေါ်လွင်လာပါတယ် ။
အာဏာရှိသူက အာဏာဆက်ရဖို့ အချင်းချင်းလည်းသတ်ဖြတ်တော့တာပါပဲ ။ လူသတ်သမားတွေရဲ့ မျှားဦးမှာ လူမျိုး ဘာသာ တံဆိပ်တပ်မထားပါဘူး ။ အာဏာရူးပီဆိုရင် အချင်းချင်းလည်း ဆော်တာပါပဲ ။
ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၁၀
———————————————————————–
( စ ) မုဒိန်းမှုကျူးလွန်ခြင်းများ
ဆာဘ်တပ်ဖွဲ့တွေရဲ့ အဆိုးဝါးဆုံး အပြု အမူကတော့ အလ်ဘေးနီးယန်းအမျိုးသမီးတွေအပေါ်မှာ မုဒိန်းမှုတွေ ကျူးလွန်တာပါ ။
မုဒိန်းမှုတွေကို အုပ်စု ၃ စု ခွဲကြည့်လို့ရပါတယ် ။
– အိမ်တွေကို ဝင်ရောက်စီးနင်းစဉ်ကျူးလွန်ခြင်း
– ထွက်ပြေးနေသောအမျိုးသမီးများကိုလမ်းပေါ်မှာကျူးလွန်ခြင်း
– ဖမ်းထားတဲ့အမျိုးသမီးများအပေါ် အချုပ်ခန်းအတွင်း ကျူးလွန်ခြင်း
တို့ပါပဲ ။
တဦးချင်းမုဒိန်းကျင့်တာကနေ အုပ်စုဖွဲ့မုဒိန်းကျင့်တာမျိုးလို ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ကြပါတယ် ။
ဒါပေမဲ့ တရားဝင် အမှုတွဲအဖြစ် တင်နိုင်တဲ့ မုဒိန်းမှုပေါင်း ၉၆ မှုသာ ရှိခဲ့ပါတယ် ။
အမျိုးသမီးတွေအနေနဲ့ ရှက်လို့ပြန်မပြောဖြစ်တာတွေကြောင့်ပါ ။
( တခြားအကြောင်းအရာတွေရှိပေမဲ့ ဒီနေရာမှာရေးဖို့မသင့်တာကြောင့် ချန်ထားရစ်ခဲ့ပါတယ် ။ )
( ဆ ) နေအိမ်များ နှင့် ဝတ်ကျောင်းတော်များကိုဖျက်ဆီးခြင်
ဆာဘ်တွေရဲ့ အတွေးက ကိုဆိုဗိုဒေသ မှာရှိတဲ့အလ်ဘေးနီးယန်းတွေရဲ့ တည်ရှိမှုသင်္ကေတ တွေကိုဖျက်ဆီးပစ်ချင်တာပါ ။
ကိုဆိုဗိုဒေသက အလ်ဘေးနီးယန်းအိမ်ယာ ၂၃၇ , ၈၄၂ အနက်က အိမ်ယာ ၄၄ , ၇၆၈ လုံး ဟာ လုံးဝပြားပြားဝပ်ဖျက်ဆီးခံခဲ့ရပါတယ် ။
လုံးဝ ပြားပြားဝပ်မသွားတောင် ပုံစံပျက်အောင်ဖျက်ဆီးခံရတဲ့ အိမ်ခြေက ၄၆ , ၄၁၄ ရှိပါတယ် ။
စာသင်ကျောင်းပေါင်း ၆၀၀ ကျော်ဖျက်ဆီးခံခဲ့ရပါတယ် ။
ဆာဘ်တွေဟာ အလ်ဘေးနီးယန်းရွာတွေက ရေတွင်းတွေကိုပါ အဆိပ်ခပ်တာမျိုးတွေ လုပ်ပါတယ် ။
နယ်စပ်တွေမှာ မြေမြုပ်မိုင်းတွေထောင်ပီး ထွက်ပြေးနေတဲ့အလ်ဘေးနီးယန်းတွေ ဒုက္ခရောက်အောင်လည်း လုပ်ကြပါတယ် ။ စုစုပေါင်း မြေမြုပ်မိုင်းပေါင်း ၅ သောင်းကျော် ထောင်ခဲ့ပါတယ် ။
( ဇ ) မြို့ပြလုယက်မှုများ
ဆာဘ်တွေဟာ ကျေးလက်က အလ်ဘေးနီးယန်းရွာတွေကို အဲ့သလိုဖျက်ဆီးပစ်သလို မြို့ပြမှာရှိတဲ့ အလ်ဘေးနီးယန်း အိမ်တွေ နဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးလုယူတာတွေ လုပ်ကြပါသေးတယ် ။
ကျေးလက်နဲ့ မတူတာက မြို့ပြမှာ ဆာဘ်နဲ့ အလ်ဘေးနီးယန်းအိမ်တွေဟာ ရောယှက်တည်ရှိနေတာပါ ။
ဆာဘ်တွေက သူတို့အိမ်တံခါးတွေမှာ ” S ” သင်္ကေတကို ရေးထားပီး အလ်ဘေးနီးယန်းအိမ်တွေနဲ့ကွဲပြားအောင်လုပ်ပါတယ် ။
မြင်အောင်ပြောရရင် ” ၉၆၉ ” တံဆိပ်ကပ်သလိုပေါ့ ။
ပီးရင်တော့ လုယက်သောင်းကျန်းဖျက်ဆီးမျိုးစုံအောင် ဆာဘ်တွေက လုပ်ကြပါတော့တယ် ။
ဒီလိုလုပ်ရာမှာ ဆာဘ်တပ်ဖွဲ့ဝင်တွေသာမက သာမန်ဆာဘ်အရပ်သားတွေကပါ ပါဝင်ကျူးလွန်ကြတာမို့ ဆာဘ်တပ်တွေ ဆုတ်ခွာရချိန်မှာ ဆာဘ်အရပ်သားတွေဟာလည်း ကိုယ့်မနောကိုယ် မလုံပဲ ဆားဘီးယားပြည်မကြီးထဲကို လိုက်ပါသွားခဲ့ပါတယ် ။ ဒီလိုနည်းနဲ့ ပွဲစဉ်လည်းပီးရော ကိုဆိုဗိုဒေသရဲ့ မြို့ပြတွေမှာ ဆာဘ်ကင်းစင်သလိုဖြစ်သွားခဲ့တာပါ ။ တရပ်ကွက်တည်း အတူတူနေတဲ့ မိတ်ဆွေအချင်းချင်းကို မျက်နှာမထောက်ပဲ လုယက်တဲ့ ဆာဘ်အရပ်သားတွေဟာ သူတို့နှစ်ပေါင်းရာချီနေထိုင်ခဲ့တဲ့ ကိုဆိုဗိုဒေသကို သူတို့ဖာသာစွန့်ခွာရတဲ့ အနေအထား ဆိုက်ရောက်သွားပါတယ် ။ ဘယ်သူမပြု မိမိမှု လို့ပဲ ပြောရမှာပါ ။
( ဈ ) ဖမ်းဆီးခြင်းနှင့် လူသားဒိုင်းကာလုပ်ခြင်း
ဆာဘ်တပ်ဖွဲ့တွေဟာ အလ်ဘေးနီးယန်းအရပ်သားတွေကို ထောင်ချီဖမ်းဆီးပီး ဗုံးကြဲခံရနိုင်တဲ့ စက်ရုံ အဆောက်အဦတွေမှာ ချုပ်ထားပီး NATO ရဲ့ဗုံးကြဲစစ်ဆင်ရေးကို အခက်အခဲတွေ့အောင်လုပ်ပါတယ် ။
ဒါပေမဲ့ NATO ဗုံးကြဲလေယာဉ်တွေဟာ ဒုတိယကမ္ဘာစစ်တုန်းက လေယာဉ်တွေမဟုတ်ပါဘူး ။
စက်ရုံကို ရပ်ဆိုင်းသွားအောင် လုပ်ရာမှာ ဒုတိယကမ္ဘာစစ်တုန်းကလို လေယာဉ်အုပ်လိုက်ကြီးနဲ့ ဗုံးလာကြဲစရာမလိုပါဘူး ။
F – 15 ဂျက်ဖိုက်တာ ၂ စင်းလောက်က စက်ရုံရဲ့ ဂျင်နရေတာ နဲ့ အဓိက အင်ဂျင်ထားတဲ့အခန်းတွေကို တချက်လောက်စီဝင်ပစ်လိုက်ရင် ပွဲပြတ်တာမို့ လူသားဒိုင်းကာ လုပ်ခြင်းဟာ စစ်ဆင်ရေးလမ်းကြောင်းကိုထိခိုက်သည်အထိ မသက်ရောက်ပါဘူး ။
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဗုံးတလုံးရဲ့တိကျမှုဟာ တစ် စတုရန်းမိုင် အတွင်းဖြစ်ပါတယ် ။ လေယာဉ်ပေါ်က ပစ်လိုက်တဲ့ဗုံးဟာ ပစ်မှတ်ရဲ့ ၁ မိုင်ပတ်ချာလည်အတွင်း ကျချင်တဲ့နေရာကို ကျနိုင်တာမို့ အမှန်တကယ်ပစ်မှတ်ကို ဖျက်ဆီးဖို့ လေယာဉ်အုပ်အများကြီးနဲ့ ဗုံးအလုံးရေ ရာချီသုံးရပါတယ် ။
ကိုဆိုဗိုစစ်ဆင်ရေးအတွင်းသုံးတဲ့ စမတ်ဗုံးတွေကတော့ အင်ဂျင်အခန်း ဂျင်နရေတာအခန်းတွေရဲ့ ပြတင်းပေါက်တွေကနေ ဝင်ချသွားပီး အခန်းထဲရောက်မှ ကွက်တိပေါက်ကွဲတာပါ ။
ကလိမ်ကကျစ်နောက်တမျိုးကြံ
ဒီမှာတင် ဆာဘ်တွေက နောက်တမျိုးကြံစည်ပြန်ပါတယ် ။
ဖမ်းထားတဲ့ အလ်ဘေးနီးယန်းအရပ်သားတွေကို ဆာဘ်တပ်ဖွဲ့ယူနီဖောင်းဝတ်ပေးပီး ဆာဘ်တပ်စခန်းတွေရဲ့ လူမြင်သူမြင်နေရာတွေမှာ ထိုင်ခိုင်းထားတာပါ ။
ဒီမှာတင် ဗိုလ်ချုပ်ကလခ်က လူတယောက်ချင်းစီကို ခွဲခြားသိနိုင်ပီး တိုက်ခိုက်ဖို့ အနီးကပ်တေ့ပစ်နိုင်တဲ့ ဟယ်လီကော်ပတာတွေ ထုတ်သုံးတော့တာပါပဲ ။
ingunjawa ရေးသည်။
ဆက်လက်တင်ပြပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *